Friday, September 28, 2007

တိုက်တွန်းနှိုးဆော်ချက်

မေးခွန်းတခုနှင့်စချင်ပါသည်...
“တိုင်းပြည်ကိုချစ်လွန်း၍ ချောက်ထဲသို့ကျရန် လက်တလုံးအလိုတွင် ကယ်တင်လိုက်ကြရသော စစ်အဏာရှင် ကယ်တင်ရှင်ဟောင်းကြီးများနှင့် လက်ရှိကယ်တင်ရှင်လက်သစ်တို့သည် သူတို့၏သားသမီးဆွေမျိုးများကို သူတို့ကယ်တင်လိုက်ကြသော မြန်မာပြည်တွင် အဘယ်ကြောင့်မနေထိုင်စေပဲနိုင်ငံရပ်ခြား များသို့စေလွှတ်ကာ ပညာရှာ၊ စီးပွါးရှာ၊ နေထိုင်စေပါသနည်း။

• ဤကဲ့သို့ သူတို့ ကယ်တင်ထားရပါသည်ဆိုသော မြန်မာပြည်တွင် သူတို့လိုအခွင့်ထူးခံများ၏ သားသမီးမြေးမြစ်များ ကိုယ်တိုင်သည်ပင် ပြည့်စုံလုံလောက်သော ကျန်းမာရေးစေါင့်ရှောက်ကုသမှု၊ အဆင့်အတန်းရှိ (အဆင့်မြင့် မဟုတ်ပါ) ပညာလေ့လာသင်ကြား၍ုမရနိုင်ရှိသော် သာမာန်ပြည်သူတို့အဖို့မှာကား ပြောဖွယ်ရာမရှိပြီ။

• မြန်မာပြည်တွင် ၎င်းတို့မိသားစုများနှင့် အပေါင်းအပါများကသာ တိုင်းပြည်၏ စီးပွါးရေးကို လက်ဝါးကြီးအုပ်လုပ်ပိုင်ခွင့်ရ၍၊ ထိုသို့မတရားရရှိထားသောအကျိုးအမြတ်တို့ဖြင့် နိုင်ငံတကာသို့လှည့်လည်ကာ သုံးဖြုန်းဇိမ်ခံနေချိန်တွင် သန်း ၆၀ သော မြန်မာပြည်သူ လူထုမှာ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံမှနှိမ့်ကျကာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဒုက္ခအ၀၀ကိုခါးစည်းခံစားနေကြရသည်မှာ မဖြစ်သင့်မဖြစ်ထိုက်ဟု ကျနော်တို့ရိုးသားစွာယုံကြည်သည်။

သို့ပါ၍ ကျနော်တို့လူငယ်တစုအနေနှင့် မိမိတို့နေထိုင်ရာနိုင်ငံအသီးသီး၏ ဥပဒေအရ လုပ်ပိုင်ခွင့်ဘောင်များအတွင်းမှနေ၍ တတ်စွမ်းသမျှ ၎င်းတို့အား ဖော်ထုတ်အရေးယူ တားဆီးသွားကြမည်ဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ မြန်မာများအားလုံးကလည်း ကျနော်တို့နှင့် ပူးပေါင်းပါဝင်ကြပါရန်၊ ၎င်းတို့၏လှုပ်ရှားမှုသတင်းများသက်ဆိုင်ရာတိုင်းပြည်၏ အစိုးရများ၊ အလုပ်ဌာနများ (ဥပမာ... UN) ကို ပေးပို့တိုင်ကြားပေးကြပါရန်နှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်သပိတ်မှောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။